MMQR စတင်အသုံးပြုခြင်း
အခမ်းအနား

News & Activities > Press News

MMQR စတင်အသုံးပြုခြင်း
အခမ်းအနား

News & Activities > Press News

မြန်မာနိုင်ငံ၏ အမျိုးသားကျူအာစနစ် MMQR စတင်အသုံးပြုခြင်းအခမ်းအနားတွင် ရိုးမဘဏ်ပါဝင်ခဲ့

6 March 2025Press News

မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံ၏ အမျိုးသားကျူအာစနစ် MMQR ကို စတင်အသုံးပြုခြင်းအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၇) ရက်နေ့၊ နေပြည်တော် MICC-1 တွင် ကျင်းပခဲ့ပါသည်။ ဤအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးများ၊ အစိုးရအဆင့်ထိပ်သီးပုဂ္ဂိုလ်များ၊ အပြည်ပြည်ဆိုင်ရာ သံအမတ်ကြီးများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒါရိုက်တာအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ဌာနဆိုင်ရာအကြီးအကဲများနှင့် အရာထမ်းများ၊ အသင်းအဖွဲ့များ၊ ဘဏ်များမှ ဥက္ကဌများနှင့် အတွင်းရေးမှူးများ၊ ငွေရေးကြေးရေး အဖွဲ့အစည်းများနှင့် နည်းပညာကုမ္ပဏီများမှ ဧည့်သည်တော်များနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံတော်အဆင့် စံနှုန်းတစ်ခုဖြစ်သည့် မြန်မာကျူအာ (MMQR) ကို ယခုကဲ့သို့ တည်ထောင်နိုင်သည့်အတွက် နိုင်ငံတကာနှင့် ချိတ်ဆက်ဆောင်ရွက်ရသည့် ငွေကြေးဆိုင်ရာလုပ်ငန်းများနှင့် ငွေလွှဲပြောင်းပေးပို့မှုများကို အဆင်ပြေချောမွေ့ပြီး လုံခြုံစိတ်ချစွာဖြင့် အခြားနိုင်ငံများနည်းတူ ရင်ပေါင်တန်းဆောင်ရွက်လာနိုင်တော့မည်ဖြစ်သည်။

MMQR စနစ်သည် မြန်မာနိုင်ငံရှိ မတူညီသော ငွေပေးချေမှုစနစ်များ၏ QR ကုဒ်များကို ချိတ်ဆက်ပြီး ပိုမိုလွယ်ကူမြန်ဆန်သော ငွေပေးချေမှုများပြုလုပ်နိုင်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်။ ဤစနစ်အသုံးပြုမှုဖြင့် ဘဏ်များနှင့် မိုဘိုင်းငွေကြေးဝန်ဆောင်မှုများအကြား ချိတ်ဆက်နိုင်မှု ပိုမိုလွယ်ကူစေမည်ဖြစ်သည့်အပြင်၊ ငွေရေးကြေးရေး ဝန်ဆောင်မှုမရရှိသေးသည့် ဒေသများအတွက်လည်း အထောက်အကူ ဖြစ်စေနိုင်မည်ဖြစ်သည်။ အထူးသဖြင့် MMQR သည် ငွေသားအသုံးပြုမှုမလိုဘဲ ငွေပေးချေနိုင်မှု (Cashless Payment) စနစ်ကို မြှင့်တင်နိုင်မည့် အရေးပါသည့် နည်းလမ်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ် တိုးတက်မှုအတွက် အဓိကခြေလှမ်းတစ်ခုအနေဖြင့် အသုံးချနိုင်မည်ဖြစ်သည်။

အဆိုပါအခမ်းအနားတွင် ရိုးမဘဏ်အနေဖြင့် MMQR အသုံးပြုနိုင်မှုကို Experience Corner တစ်ခုဖြင့်ပြသခဲ့ပြီး ဧည့်သည်တော်များအနေဖြင့် MMQR ဖြင့်ငွေပေးချေမှုများကိုလက်တွေ့စမ်းသပ်နိုင်ခဲ့ကြသည်။ Experience Corner တွင် MMQR အသုံးပြုနည်း၊ Yoma Bank Next Mobile Application မှတစ်ဆင့် MMQR ဖြင့် ငွေပေးချေမှုများ ဆောင်ရွက်နိုင်မှု၊ Partner Merchants များတွင် MMQR ဖြင့် အဆင်ပြေစွာ ငွေပေးချေနိုင်မည် ဖြစ်ကြောင်းကို အသေးစိတ် မိတ်ဆက်ပြသခဲ့ပါသည်။

ထို့ပြင် ပြပွဲခန်းမတွင် ရောင်းကုန်ပစ္စည်းအနေဖြင့် ရိုးမဘဏ် Branded Merchandising လက်ဆောင်များ၊ Khayae အမွှေးနံ့သာ ထုတ်ကုန်များ၊ Step-in Step-up (SISU) လူငယ်အသက်မွေးဝမ်းကျောင်းပညာသင်တန်းမှ လက်မှုထုတ်ကုန်တို့ကို ခင်းကျင်းပြသခဲ့ပြီးအခမ်းအနားတက်ရောက်လာသူ ဧည့်သည်တော်များက MMQR အသုံးပြုငွေပေးချေမှုများဖြင့် စမ်းသပ်ဝယ်ယူအားပေးခဲ့ကြပါသည်။ ဧည့်သည်တော်များအနေဖြင့် လက်တွေ့အသုံးပြုမှု အတွေ့အကြုံများကို မျှဝေခဲ့ကြပြီး MMQR ၏ အားသာချက်များကို ပိုမိုနားလည်ခဲ့ကြသည်။ ရိုးမဘဏ်အနေဖြင့် မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်ငွေပေးချေမှု MMQR စနစ် စတင်အသုံးပြုခြင်းအခမ်းအနားတွင် တစ်တပ်တအား ပါဝင်နိုင်ခြင်းကို အထူးပင် ဂုဏ်ယူဝမ်းမြောက်မိပါသည်။

ထို့အပြင် ရိုးမဘဏ်သည် ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ်များအား ပိုမိုချဲ့ထွင်နိုင်ရန်အတွက် ငွေကြေးဆိုင်ရာလုပ်ငန်းများနှင့် ငွေလွှဲပြောင်းပေးပို့မှုများကို အဆင်ပြေချောမွေ့ပြီးလုံခြုံစိတ်ချစွာဖြင့် ပြုလုပ်နိုင်သော MMQR စနစ်နှင့်ပူးပေါင်း၍ ယုံကြည်စိတ်ချရသော ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများ ပေးအပ်နိုင်ရန် Yoma Bank Next Mobile Application ၏ Functionality များအား ပိုမိုတိုးမြှင့်ပြီး Seamless Payment (လွယ်ကူလျင်မြန်သော ငွေပေးချေမှု) များ ဆောင်ရွက်နိုင်ရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။

MMQR ဆိုတာဘာလဲ?

MMQR သည် မြန်မာနိုင်ငံ၏ National Standard အဖြစ်သတ်မှတ်ထားသည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ စည်းမျဉ်းနှင့်အညီ လုံခြုံပြီး အသုံးပြုရလွယ်ကူသော QR Code ဖြင့် ငွေပေးချေမှုကို ထောက်ပံ့နိုင်သည့် Digital Payment Switch စနစ်တစ်ခုဖြစ်ပါသည်။ MMQR ကိုအသုံးပြု၍ ဘဏ်များ၊ မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများရဲ့ မတူညီသော Mobile Wallets များအကြား အပြန်အလှန်ချိတ်ဆက်၍ ငွေပေးချေမှုများ ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။

MMQR သည် မြန်မာနိုင်ငံတွင်မိုဘိုင်းငွေပေးချေမှုများအတွက် ပလက်ဖောင်းတစ်ခုတည်းပေါ်တွင် စုစည်းစေပြီး Cashless (ငွေသားမပါပဲ အသုံးပြုနိုင်မှု) ကို မြှင့်တင်နိုင်မည့် အရေးပါသည့် နည်းလမ်းတစ်ခုဖြစ်ပါသည်။

“မြန်ဆန်၊ လွယ်ကူ၊ စိတ်ချရပြီး မြန်မာပြည်သူ၊ ပြည်သားတိုင်းအတွက် အလိုအပ်ဆုံး ငွေပေးချေမှုနည်းလမ်း MMQR”   ပိုမိုသိရှိရန်

Share this news on