ရိုးမဘဏ်သည် မြန်မာနိုင်ငံရှိ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ အစားအစာဖူလုံရေးနှင့် ငွေရေးကြေးရေးအလုံးစုံပါဝင်မှုများကို ပေးစွမ်းရန် Rabobank နှင့် မဟာဗျူဟာမြောက်မိတ်ဖက်အဖွဲ့အစည်းအဖြစ် ပူးပေါင်းဆောင်ရွက်မှုသက်တမ်းတိုး

New & Activities > သတင်းများ

ရိုးမဘဏ်သည် မြန်မာနိုင်ငံရှိ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ အစားအစာဖူလုံရေးနှင့် ငွေရေးကြေးရေးအလုံးစုံပါဝင်မှုများကို ပေးစွမ်းရန် Rabobank နှင့် မဟာဗျူဟာမြောက်မိတ်ဖက်အဖွဲ့အစည်းအဖြစ် ပူးပေါင်းဆောင်ရွက်မှုသက်တမ်းတိုး

New & Activities > သတင်းများ

ရိုးမဘဏ်သည် မြန်မာနိုင်ငံရှိ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ အစားအစာဖူလုံရေးနှင့် ငွေရေးကြေးရေးအလုံးစုံပါဝင်မှုများကို ပေးစွမ်းရန် Rabobank နှင့် မဟာဗျူဟာမြောက်မိတ်ဖက်အဖွဲ့အစည်းအဖြစ် ပူးပေါင်းဆောင်ရွက်မှုသက်တမ်းတိုး

10 September 2019သတင်းများ

1 Min Read

နယ်သာလန် နိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထောက်ပံ့မှုဖြင့် မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်နိုင်ငံသံရုံး တို့ ပါဝင်သည့် ပူးပေါင်းဆောင်ရွက်မှုတွင် ဒီဂျစ်တယ်စနစ်ဖြင့် အားလုံးပါဝင်နိုင်သော ငွေရေးကြေးရေးကဏ္ဍကို အလေးပေး ဆောင်ရွက် သွားမည်ဖြစ်ပါသည်

ရန်ကုန်၊ မြန်မာ ။ ။ စက်တင်ဘာလ ၁၀ ရက်၊ ၂၀၁၉ ခုနှစ် – ရိုးမဘဏ်သည် မြန်မာနိုင်ငံ၏ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ အစားအစာဖူလုံရေးနှင့် ငွေရေးကြေးရေးအလုံးစုံပါဝင်မှုများကိုဆောင်ရွက်ရန် နယ်သာလန် ငွေရေးကြေးရေးနှင့်ဘဏ်လုပ်ငန်းဖြစ်သည့် Rabobank နှင့် မဟာဗျူဟာမြောက် မိတ်ဖက်အဖွဲ့အစည်းအဖြစ် ပူးပေါင်းဆောင်ရွက်မှုကို သက်တမ်းတိုးလိုက်ကြောင်း ကြေညာခဲ့ပါသည်။ ဒီဂျစ်တယ်စနစ်ကတစ်ဆင့် နိုင်ငံတွင်းရှိ ငွေရေးကြေးရေးကဏ္ဍကို အထောက်အပံ့ပေးနိုင်ရန် အဆိုပါဘဏ်များမှ တာဝန်ရှိသူများသည် ပြီးခဲ့သည့် စက်တင်ဘာလ ၅ ရက်နေ့က သုံးနှစ်သက်တမ်းရှိ ပူးပေါင်းဆောင်ရွက်မှုကို ရိုးမဘဏ်ရုံးချုပ်၌ မြန်မာနိုင်ငံဆိုင်ရာနယ်သာလန်နိုင်ငံသံအမတ်ကြီး Mr. Wouter Jurgens ၏ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးခဲ့ကြပါသည်။

မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် တိုးတက်လာသည်နှင့်အညီ အလုံးစုံပါဝင်နိုင်သော ဘဏ္ဍာရေးဝန်ဆောင်မှုများ ပေးအပ်နိုင်ရေးသည် များစွာအရေးပါလာသည်။ နိုင်ငံတစ်ဝန်းတွင် ဘဏ္ဍာရေးဝန်ဆောင်မှုများပေးနိုင်ရန် ဟူသည့် ငွေရေးကြေးရေး အလုံးစုံပါဝင်မှုဆိုင်ရာ အမျိုးသားအဆင့်ရည်မှန်းချက်ကို အကောင်အထည်ဖော်ရာတွင် ဒီဂျစ်တယ်စနစ်သို့ကူးပြောင်းရေးသည် အရေးပါသော အခန်းကဏ္ဍက ပါဝင်လာမည်ဖြစ်သည်။ ဤပူးပေါင်းဆောင်ရွက်မှုတွင် မြန်မာနိုင်ငံရှိလူတိုင်း ဘဏ္ဍာရေးဝန်ဆောင်မှုများ ရယူနိုင်စေရန်ရည်ရွယ်ပြီး ရိုးမဘဏ်၏ ဒီဂျစ်တယ်ငွေကြေးဝန်ဆောင်မှုကို ကျယ်ကျယ်ပြန့်ပြန့် အရှိန်မြှင့်ဆောင်ရွက်နိုင်ရန်အတွက် လုပ်ထုံးလုပ်နည်းဆိုင်ရာ ကူညီထောက်ပံ့မှုကို Rabobank က ပံ့ပိုးပေးမည်ဖြစ်သည်။ လက်ရှိပူးပေါင်းဆောင်ရွက်မှုတွင် ပါဝင်သည့်အချက်များအပြင် အားလုံးပါဝင်သော ငွေကြေးဝန်ဆောင်မှု များကို ဖော်ဆောင်ရန် ရိုးမဘဏ်၏ ဒီဂျစ်တယ်စနစ်သို့ အသွင်ကူးပြောင်းမှုအား အထောက်အကူူပေးမည်ဖြစ်သည်။

ပူးပေါင်းဆောင်ရွက်မှုတွင် ပါဝင်သည့် အဓိကအချက်များမှာ

  • အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (SMEs) အတွက် ငွေကြေးဝန်ဆောင်မှုများကို အလုံးစုံချိတ်ဆက်ဆောင်ရွက်နိုင်မှုကိုအလေးပေး ထားသည့် ဒီဂျစ်တယ်စနစ်သို့ပြောင်းလဲရန်၊
  • ရေရှည် တည်တံ့ခိုင်မြဲမှုကို ဖော်ဆောင်ရန် ရိုးမဘဏ်၏ ဆုံးရှုံးနိုင်ခြေအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ မူဘောင်ကို ခိုင်မာတောင့်တင်းစေရန် နှင့်
  • ပြောင်းလွယ်ပြုလွယ်၍ လုံခြုံစိတ်ချရပြီး အနာဂတ်အတွက် အဆင်သင့်ဖြစ်မည့် အိုင်တီအခြေခံ အဆောက်အဦမှ တစ်ဆင့် ရေရှည်တည်တံ့ ခိုင်မြဲသော ဒီဂျစ်တယ် ပဏာမခြေလှမ်းများကို စတင်ရန်တို့ပါဝင်ပါသည်။

“မြန်မာနိုင်ငံရဲ့ လျင်မြန်တဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ကျေးလက်ဒေသတွေမှာ ငွေကြေးထောက်ပံ့မှုတွေရရှိနိုင်ဖို့ အရေးကြီးတယ်လို့ ကျွန်တော်တို့ ရိုးမဘဏ်က ယုံကြည်ပါတယ်။ Rabobank နဲ့ ပူးပေါင်းဆောင်ရွက်မှုကို နောက်ထပ် သုံးနှစ်တိုးမြှင့်လိုက်နိုင်တဲ့အတွက် ဒီကဏ္ဍမှာ ငွေကြေးထောက်ပံ့ပေးနေတဲ့ တက်ကြွတဲ့ အဖွဲ့အစည်းတစ်ရပ်အနေနဲ့ အတိုင်းမသိဝမ်းမြောက်မိပါတယ်။ ဒီသဘောတူညီချက်အသစ်ကနေ စွမ်းဆောင်ရည်တည်ဆောက်ပေးခြင်း၊ ငွေကြေးထုတ်ကုန် များဖန်တီးခြင်းတို့ကိုဆောင်ရွက်ရင်းကတစ်ဆင့် အသေးစားနှင့်အလတ်စားလုပ်ငန်းတွေနဲ့ ကျေးလက်ဒေသက ဖောက်သည်တွေကို ဒီဂျစ်တယ်ဘဏ်လုပ်ငန်းဝန်းကျင်နဲ့ ပိုမိုထိတွေ့ခွင့်ရဖို့ ဝန်ဆောင်မှု ပေးသွားမှာဖြစ်ပါတယ်။ Rabobank နဲ့ အခုလို ပူးပေါင်းဆောင်ရွက်မှုက ၂၀၂၀ပြည့်နှစ်မှာ ဒီဂျစ်တယ်စနစ်ကို ထိထိရောက်ရောက် ကူးပြောင်းမယ့် ရိုးမဘဏ်ရဲ့ရည်မှန်းချက်ကို ယှဉ်ပြိုင်မှုခြေလှမ်း နောက်တစ်လှမ်း ပို့ဆောင်ပေးလိုက်တာပဲဖြစ်ပါတယ်” လို့ ရိုးမဘဏ်၏ အမှုဆောင်အရာရှိချုပ် Mr. Dean Cleland က ပြောကြားခဲ့ပါသည်။

“မြန်မာနိုင်ငံရဲ့ ဘဏ္ဍာရေးကဏ္ဍကို တောင့်တင်းခိုင်မာစေခြင်းက စီးပွားရေးဖွံ့ဖြိုးမှုအတွက် အဓိက ဓာတ်ကူပစ္စည်းတစ်ခုဖြစ်တယ်လို့ ကျွန်တော်တို့ Rabo Partnerships က မျှော်မှန်းပါတယ်။ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းတွေဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ အလုပ်အကိုင်အခွင့်အလမ်းအတွက် အရေးကြီးတဲ့ အစိတ်အပိုင်းက ပါဝင်နေတယ်လို့ အများလက်ခံထားကြပေမယ့် မြန်မာနိုင်ငံမှာတော့ SMEs လုပ်ငန်းတွေက လက်ရှိမှာ ထင်သလောက်အလေးပေးမခံရသေးပါဘူး ။ ဒီဂျစ်တယ်လိုင်းတွေ စတင်ဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံမှာရှိတဲ့ SMEs လုပ်ငန်းတွေအတွက် ငွေရေးကြေးရေးဝန်ဆောင်မှုကို အဆင်ပြေလွယ်ကူပြီး လုံခြုံစွာ တိုးမြှင့်ဆောင်ရွက်ပေးနိုင်ဖို့ ကျွန်တော်တို့ မျှော်မှန်းပါတယ်။” ဟု Rabobank ၏ Senior Project Manager ဖြစ်သူ Mr. Bjorn Schrijver က ပြောကြားခဲ့ပါသည်။

“ဒါ့အပြင် ဘဏ်ဝန်ဆောင်မှုရယူမယ့်သူရှိရာ နေရာဒေသအပေါ်မူတည်ခြင်းမရှိဘဲ ဝန်ဆောင်မှုတွေကို နေရာမရွေး ပေးစွမ်းနိုင်မှာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနဲ့ ငွေရေးကြေးရေးအလုံးစုံပါဝင်မှုကို အကူအညီပေးနိုင်မှာဖြစ်ပါတယ်။ ရှိခဲ့တဲ့မိတ်ဖက် ပူးပေါင်းဆောင်ရွက်မှုကနေ နှစ်ဦးနှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုတွေကို ဆက်လက်ဆောင်ရွက်ရင်း တူညီတဲ့ရည်မှန်းချက်တွေကို အကောင်အထည်ဖော်သွားနိုင်မယ်လို့ ယုံကြည်ပါတယ်။” ဟု Mr. Bjorn Schrijver က ထပ်လောင်းပြောကြားခဲ့ပါသည်။

ပူးပေါင်းဆောင်ရွက်မှုအသစ်သည် ပြီးခဲ့သည့်နှစ်များအတွင်း နယ်သာလန်အစိုးရ၏ ပုဂ္ဂလိကနှင့်ပြည်သူပူးပေါင်းဆောင်ရွက်မှုက တစ်ဆင့် အတိုင်ပင်ခံပေးမှုနဲ့အတူ Agribusiness Finance Program (AFP) စတင်အကောင်အထည်ဖော်ရန် Rabobank က လုပ်ထုံးလုပ်နည်းဆိုင်ရာပံ့ပိုးမှုများဆောင်ရွက်ခဲ့သည့် အောင်မြင်ခဲ့သော မိတ်ဖက်ဆောင်ရွက်မှုအပေါ်တွင် အခြေတည် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်ပါသည်။ နယ်သာလန်နိုင်ငံခြားရေးဝန်ကြီးဌာနမှဤပုဂ္ဂလိကနှင့် ပြည်သူပူးပေါင်းမှုအတွက် ငွေကြေးထောက်ပံ့ပေးပြီး ပူးပေါင်းဆောင်ရွက်မှုအသစ်အတွက်လည်း ဆက်လက်ပံ့ပိုးသွားမည်ဖြစ်ပါသည်။ ပြီးခဲ့သည့် ပူးပေါင်းဆောင်ရွက်မှု၏ အဓိကအောင်မြင်မှုများထဲက တစ်ခုမှာ မကြာသေးမီက စတင်ဆောင်ရွက်ခဲ့သည့် ဒီဂျစ်တယ်ဝန်ဆောင်မှုလိုင်းကတစ်ဆင့် မြန်မာကျေးလက်အသိုက်အဝန်းကို စိုက်ပျိုးရေးသုံးပစ္စည်းများ ၆၅၀၀ ကျော်အတွက် ချေးငွေ ထုတ်ပေးနိုင်ခဲ့ခြင်းပင် ဖြစ်ပါသည်။

RABO Bank အကြောင်း

Rabo Bank သည် နယ်သာလန်နိုင်ငံ၊ Utrecht မြို့အခြေစိုက် နိုင်ငံတကာ ငွေရေးကြေးရေး ဝန်ဆောင်မှုကော်ပိုရိတ်ဘဏ်လုပ်ငန်းတစ်ခုဖြစ်သည်။ Rabobank သည် အစားအသောက်နှင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် ငွေကြေးထောက်ပံ့ပေးနေသည့် ကမ္ဘာ့ဦးဆောင်ဘဏ်တစ်ခုဖြစ်ပါသည်။ Rabo Partnerships ဟုခေါ်သော ဌာနမှတစ်ဆင့် Rabobank သည် ထွန်းသစ်စစီးပွားရေးဈေးကွက်များရှိ မိတ်ဖက်ဘဏ်အဖွဲ့အစည်းများအား အကောင်းဆုံးအလေ့အကျင့်များကို ဝေမျှခြင်းကတစ်ဆင့် လုပ်ထုံးလုပ်နည်းများပံ့ပိုးပေးနေကာ စိုက်ပျိုးရေးငွေကြေးထောက်ပံ့မှုနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်မှုကို အသားပေးလျက် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် အားလုံးပါဝင်သော ငွေရေးကြေးရေးကဏ္ဍကို အားပေးထောက်ပံ့ပေးနေပါသည်။

Share this news on